Postgraduate Institute of Pali and Buddhist Studies (PGIPBS), University of Kelaniya (Sri Lanka) မိတ်ဆက်

သီရိလင်္ကာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရာ ဗဟိုချက်မတစ်ခုဖြစ်ပါသည်။ ပညာရေးနယ်ပယ်တွင်လည်း ရှေးယခင်ကတည်းက ထင်ရှားကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်ပါသည်။ ပညာရေးနယ်ပယ်တွင် သမိုင်းအစဉ်အလာကြီးမားပြီး နိုင်ငံတကာအဆင့်မီ ပညာရပ်များကို ပို့ချပေးနေသော တက္ကသိုလ်ကြီးများ ရှိကြပါသည်။ PGIPBS ကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဆိုင်ရာ ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာရေးကို ကမ္ဘာ့အဆင့်မီ ပို့ချပေးသည့် ဌာနဖြစ်သည်။ ကေလနိယတက္ကသိုလ်၊ ဘွဲ့လွန်ပါဠိနှင့်ဗုဒ္ဓစာပေဌာန (Postgraduate Institute of Pali and Buddhist Studies (PGIPBS), University of Kelaniya) သည် ထင်ရှားကျော်ကြားသည့် များစွာသော တက္ကသိုလ်တို့မှ တစ်ခုပင် ဖြစ်ပါသည်။ ထိုတက္ကသိုလ်သည် ကိုလံဘိုမြို့တော်အနီး၊ ကေလနိယမြို့၊ 977/5, University Drive, Bulugaha Junction, Kandy Road တွင် တည်ရှိပါသည်။

ယနေ့ခေတ်တွင် ဤတက္ကသိုလ်သည် ကမ္ဘာတစ်ဝန်းမှ ကျောင်းသား/ကျောင်းသူများ လာရောက်ပညာဆည်းပူးရာ ဘုံဗိမာန်ကြီးတစ်ခုသဖွယ် ဖြစ်လာပါသည်။ ဗုဒ္ဓဘာသာစာပေလေ့လာရေးတွင် ထင်ရှားကျော်ကြားသကဲ့သို့ အစဉ်အလာလည်း ကြီးမားသည့် တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာရေး (Pali and Buddhist Studies) ဌာနသည် ဗုဒ္ဓစာပေ လေ့လာရေးနယ်ပယ်၌ ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရပ်တည်လျက်ရှိပါသည်။ နိုင်ငံတကာမှ ရဟန်းတော်များ၊ သာသနာ့နွယ်ဝင်ဆရာလေးများ၊ ဘိက္ခုနီများနှင့် ဗုဒ္ဓစာပေလေ့လာရေးကို စိတ်ဝင်စားကြသည့် သုတေသီများ စိတ်ဝင်စားကြသော ဌာနတစ်ခုလည်း ဖြစ်ပါသည်။

ဖွင့်လှစ်ထားသော သင်တန်းများ၊ ဝင်ခွင့်လျှောက်ထားနိုင်သည့်ကာလနှင့် သင်တန်းကြေး (Admission Open 2026)

PGIPBS သည် ဗုဒ္ဓစာပေနှင့် သုတေသနနယ်ပယ်တွင် သင်တန်းများကို လူကိုယ်တိုင်လေ့လာခြင်း၊ အွန်လိုင်းမှလေ့လာြခင်း နှစ်မျိုးတို့ဖြင့် (Dual Mode (On-site + Online) ပို့ချပေးလျက်ရှိသည်။ တက္ကသိုလ်၏ တရားဝင်ကြော်ငြာချက်ရ ဝင်ခွင့်လျှောက်လွှာများကို ဒီဇင်ဘာလ (၁) ရက်မှ ဇန်နဝါရီလ ၃၁ ရက်အတွင်း လက်ခံလျက်ရှိပါသည်။ သုတေသနဘွဲ့လွန်အတန်းများ (MPhil/PhD) အတွက်မူ တစ်နှစ်ပတ်လုံး လျှောက်ထားနိုင်သည်။ သီရိလင်္ကာနိုင်ငံတွင် လက်ရှိနေထိုင်နေသည့် သူငယ်ချင်း အသိတစ်ပါးပါးကို ကျောင်းအပ်ခြင်း၊ အဆောင်ကိစ္စစီစဉ်ခြင်း စသည်တို့အတွက် အကူအညီ တောင်းနိုင်ပါသည်။ တက်ရောက်မည့်အတန်းအတွက် လိုအပ်သည့်ဆိုင်ရာအောင်လက်မှတ်၊ မိတ္တူ၊ အမှတ်စာရင်း၊ နိုင်ငံကူးလက်မှတ် (passport) မိတ္တူ၊ ရဲစခန်းထောက်ခံစာ စသည်တို့ကို အင်္ဂလိပ်ဘာသာပြန်ထားရမည်။

ဝင်ခွင့်လျှောက်လွှာတင်ရာ၌ လိုအပ်သော အရည်အချင်းများ

1) M. A – နှစ်တန်း

အသိအမှတ်ပြုခံရသော တက္ကသိုလ်တစ်ခုခုမှ B.A (Buddhist Studies) သို့မဟုတ် သာသနဓဇဓမ္မာစရိယဘွဲ့ စသည့် ဘွဲ့တစ်ခုခုနှင့် ဘွဲ့လွန်ဒီပလိုမာ(Buddhist Studies/Pali), တက္ကသိုလ်၏ ပညာရေးဆိုင်ရာဌာနမှ အသိအမှတ်ပြုသော ဘွဲ့တစ်ခုခု ဖြစ်ရမည်။

2) M. A – နှစ်တန်း

ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်မှ B.A ဘွဲ့ရပြီး (M.A ၁-နှစ်တန်းအောင်မြင်ပြီးသူများသည် M.A နှစ်နှစ်တန်းကို ပြောင်းလဲလေ့လာနိုင်ပါသည်) ဖြစ်ရမည်။ ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်တွင် အသိအမှတ်ပြု ဘွဲ့လက်မှတ်မရှိသော်လည်း ကျောင်းသားကတောင်းဆိုပါလျှင် ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်တွင် လိုအပ်သည့် အရည်အချည်း၊ အတွေ့အကြုံများရှိပါက တက္ကသိုလ်၏ ပညာရေးဌာနမှ အင်းတာဗျူး၍ လက်ခံနိုင်ပါသည်။ တက္ကသိုလ်မှ သတ်မှတ်သည့် အရည်အချင်းပြည့်မီပါက ၀င်ခွင့်ရနိုင်ပါသည်။

3) MPhil အတန်း

M.A ၁ နှစ်တန်း၊ M.A ၂ နှစ်တန်းအောင် ၀င်ခွင့်ရှိသည်။ အင်တာဗျူး မရှိပါ။

4) PhD အတန်း

M.A ၂ နှစ်တန်းအောင်၊ MPhil ဘွဲ့ရပုဂ္ဂိုလ်များ ၀င်ခွင့်ရှိသည်။ အင်တာဗျူး မရှိပါ။

သင်တန်းအမျိုးအစားများ

* အသိအမှတ်ပြု လက်မှတ်ရ သင်တန်းများ (Postgraduate Certificate): Pali Studies, Buddhist Studies အပါအဝင် တစ်နှစ်ကြာ သင်တန်းများဖြစ်ကြသည်။

* ဒီပလိုမာ သင်တန်းများ (Postgraduate Diploma): Pali Studies, Buddhist Studies နှင့် Buddhist Ayurvedic Counselling အထူးပြုများကို တစ်နှစ်ကြာ တက်ရောက်နိုင်သည်။

* မဟာဘွဲ့ သင်တန်းများ (Master of Arts – MA): Pali Studies, နှင့် Buddhist Studies အထူးပြုများကို တစ်နှစ် (သို့မဟုတ်) နှစ်နှစ်၊ Buddhist Counselling အတန်းကို တစ်နှစ်ကာလဖြင့် ရွေးချယ်တက်ရောက်နိုင်သည်။

* သုတေသနဘွဲ့များ (Higher Degrees by Research): Master of Philosophy (MPhil – ၂ နှစ်) နှင့် Doctor of Philosophy (PhD – ၃ နှစ်) သုတေသနဘွဲ့များကိုလည်း ဆည်းပူးနိုင်ပါသည်။

ပြည်ပကျောင်းသားများအတွက် သင်တန်းကြေးများ (နှစ်စဉ်နှုန်းထား)

သင်တန်းကြေးများတွင် မှတ်ပုံတင်ကြေး၊ စာကြည့်တိုက်ကြေးနှင့် စာမေးပွဲကြေးများ ပါဝင်ပြီး၊ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်း/သီလရှင်များ အတွက် အောက်ပါအတိုင်း သက်သာသော နှုန်းထားများ သတ်မှတ်ပေးထားသည်:

* Certificate: US $250

* Diploma (တစ်နှစ်): US $610

* MA (တစ်နှစ်): US $710

* MA (နှစ်နှစ်): ပထမနှစ် US $710၊ ဒုတိယနှစ် US $500

* MPhil: US $960 (Two Years – $ 1,920)

* PhD: US $1060(Three Years – $ 3,180)

၁။ ကျောင်းသားများ၏ နေထိုင်စားသောက်မှုဆိုင်ရာအထောက်အပံ့များ

တက္ကသိုလ်သို့ လာရောက်ပညာသင်ကြားသည့် နိုင်ငံတကာကျောင်းသားများအနေဖြင့် နေထိုင်မှုအတွက် အောက်ပါရွေးချယ်စရာများ ရှိပါသည်။

ကျောင်းဆောင်/အိမ်ငှားခြင်း: တစ်ချို့သောကျောင်းသားသည် တက္ကသိုလ်ပတ်ဝန်းကျင်တွင် အဆောင်ငှားရမ်းနေထိုင်ကြသည်။ အချို့မှာမူ သီရိလင်္ကာနိုင်ငံရှိ မကုဋာရာမမြန်မာကျောင်း၊ ဆင်ဟာလဘုန်းတော်ကြီးကျောင်း၊ ဘိက္ခူနီကျောင်းများတွင် သင့်တော်သလို နေထိုင်လေ့ရှိကြပါသည်။

စာကြည့်တိုက်နှင့် သုတေသန အထောက်အကူ

PGIPBS တွင် ပါဠိဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော စာအုပ်စာတမ်းများ အစုံအလင်ရှိပါသည်။ သိရီလင်္ကာနိုင်ငံရှိ ဗုဒ္ဓစာပေလေ့လာရေးဌာနတို့တွင် ခေတ်အမီဆုံးနှင့် ကောင်းဆုံးသော စာကြည့်တိုက်ဟု ဖော်ညွှန်းလေ့ရှိကြပါသည်။ Online ဂျာနယ်များနှင့် E-စာအုပ်များကို လွယ်ကူစွာ အသုံးပြုနိုင်သော E-resources များနှင့် Journals များကိုလည်း လိုအပ်ရာရာ စာကြည့်တိုက်မှုုးမှ ကူညီထောက်ပံ့ပေးပါသည်။ နှစ်စဉ် သုတေသနစာစောင်ဖြစ်သော ANVEṢAṆĀ စာဆောင်ကိုလည်း ထုတ်ဝေလျက်ရှိပါသည်။

၂။ ဗီဇာအစီအစဉ်နှင့် နိုင်ငံတကာဆက်ဆံရေး

ဗီဇာအစီအစဉ်: PGIPBS သို့ တက်ရောက်သည့် ပြည်ပကျောင်းသားများသည် သက်ဆိုင်ရာ ဝင်ခွင့်ခေါ်ယူမှုနှင့်အညီ လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံပါက ကျောင်းသားဗီဇာ လျှောက်ထားနိုင်ပြီး ပညာသင်ကာလအတောအတွင်း သက်တမ်းတိုးနိုင်ပါသည်။

နိုင်ငံတကာ ဆက်ဆံရေး: PGIPBS သည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာကို အထူးပြု၍ နိုင်ငံခြားသားကျောင်းသား အများဆုံး လက်ခံသင်ကြားပေးသည့် ထိပ်တန်းဌာနဖြစ်သည်။ မြန်မာ၊ တရုတ်၊ ကိုရီးယား၊ ဗီယနမ်၊ နီပေါ၊အမေရိကန်၊စင်္ကပူ၊ကမ္ဘောဒီးယား အပါအဝင် နိုင်ငံစုံမှ ကျောင်းသားများရှိကြပါသည်။ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်သည်။

၃။ ပညာသင်ကြားခနှင့် ကုန်ကျစရိတ်

ပြည်ပကျောင်းသားများအတွက် သင်တန်းကြေးများကို US Dollars ဖြင့် သတ်မှတ်ထားပြီး ဗုဒ္ဓဘာသာ ရဟန်း/သီလရှင်ဆရာလေးများ အတွက် အထူးသက်သာသော နှုန်းထားများ ရှိပါသည်။ (အသေးစိတ်နှုန်းထားများကို အထက်တွင် ဖော်ပြထားပြီးဖြစ်သည်။)

နေထိုင်မှု ကုန်ကျစရိတ်: အဆောင်ငှါးရမ်းခြင်း၊ ဘုန်းတော်ကြီးကျောင်းတို့တွင် နေထိုင်ခြင်းစသည့် နေထိုင်မှုပုံစံပေါ်မူတည်၍ ကုန်ကျစရိတ် အပြောင်းအလဲရှိနိုင်သည်။ အဆောင်ငှါးနေမည်ဆိုပါက များသောအာဖြင့် MA (one year) ကျောင်းသားများအတွက် ကျောင်းကြေး အနေထိုင် အစားစရိတ်အပြီးစီး ဒေါ်လာ (၃၀၀၀) လောက်ဆို လောက်နိုင်ပါသည်။

၄။ ဘွဲ့ရပြီး အခွင့်အလမ်း (Post-Graduate Opportunities)

* ဘွဲ့၏ တရားဝင်မှု: PGIPBS မှ ပေးအပ်သည့် ဘွဲ့များသည် အစိုးရတက္ကသိုလ်ဖြစ်သည့် ကေလနိယတက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့များဖြစ်သောကြောင့် နိုင်ငံတကာတွင် အဆင့်မီ အသိအမှတ်ပြုထားသော ဘွဲ့များဖြစ်ကြသည်။

အနာဂတ် အခွင့်အလမ်း: ဤဘွဲ့များရရှိပြီးနောက် ပြည်တွင်း/ပြည်ပတွင် သင်ကြားရေးဆိုင်ရာ ရာထူးများ၊ ဗုဒ္ဓဘာသာသုတေသနဆိုင်ရာ လုပ်ငန်းများ၊ နိုင်ငံတကာတက္ကသိုလ်များတွင် Ph.D. စသည့် အဆင့်မြင့် သုတေသနဆိုင်ရာ ပညာရပ်များကို ဆက်လက်တက်ရောက်ရန် အခွင့်လမ်းများ ရှိပါသည်။

အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

PGIPBS မိတ်ဆက်

 PGIPBS သို့ ဆက်သွယ်ရန်

  1. Tel: +94 112269056 / 0112809321
  2. Email: pgipbsapplications@gmail.com
  3. Web: https://pgipbs.kln.ac.lk/

Leave a Reply

Your email address will not be published. Required fields are marked *