University of Kelaniya (Main Campus)

၁။ ကေလနိယတက္ကသိုလ်

ကေလနိယတက္ကသိုလ်ပင်မဌာန (University of Kelaniya-Main Campus-UoK) သည် ကိုလံဘိုမြို့ပြဧရိယာ၏ အပြင်ဘက် ကေလနိယမြို့တွင် တည်ရှိပါသည်။ ကိုလံဘိုမှ ကန္ဒီသို့သွားသော လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ကေလနိယတက္ကသိုလ်သည် သီရိလင်္ကာနိုင်ငံတွင် ရှေးကျ၍ ထင်ရှားသော အစိုးရတက္ကသိုလ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ထိုကေလနိယတက္ကသိုလ်သည် ဝိဒျာလင်္ကာရပိရိဝေန (Vidyalankara Pirivena) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတော်မှ ဆင့်ကဲ ပြောင်းလဲလာခဲ့သည်။ ဆရာတော်ရတမာလနေသီရိဓမ္မာလောကမထေရ် (Ratmalane Sri Dharmaloka Thera) သည် ဝိဒျာလင်္ကာရပိရိဝေန (Vidyalankara Pirivena) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို (၁၈၇၅) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ (၁၉၄၀-၁၉၅၀) ဝန်းကျင်တွင် Dr. C.W.W. Kannangara ဦးဆောင်သောပညာရှင်များ၏ ခေတ်သစ်ပညာရေးလှုပ်ရှားမှု အကျိုးဆက်အနေဖြင့် ဝိဒျာလင်္ကာရပိရိဝေနအဖြစ်မှ ဝိဒျာလင်္ကာရတက္ကသိုလ် (Vidyalankara University) အဖြစ်သို့ (၁၉၅၉) ခုနှစ်တွင် စတင်ပြောင်းလဲခဲ့သည်။

(၁၉၇၂) ခုနှစ်တွင် သိရီလင်္ကာအစိုးရ၏ တက္ကသိုလ်များကို တစ်ခုတည်းအောက်၌ စုစည်းခြင်းမူဝါဒ (Single University Hypothesis) အရ ပေါ်ပေါက်ခဲ့သည့် သီဟိုဠ်တက္ကသိုလ်အက်ဥပဒေ (၁) (University of Ceylon Act No.1) အရ သီးခြားလွတ်လပ်သော တက္ကသိုလ်တစ်ခုအဖြစ်မှ Vidyalankara Campus of the University of Ceylon အဖြစ်သို့ ပြောင်းလဲခဲ့ပါသည်။ (၁၉၇၈) ခုနှစ်တွင် ပြဌာန်းသည့် အက်ဥပဒေ (၁၆) (Universities Act, No. 16) အရ “တက္ကသိုလ်များဆိုင်ရာ ဗဟိုကြီးကြပ်ရေးအဖွဲ့” (University Grants Commission (UGC) ပေါ်ပေါက်လာခဲ့ပါသည်။ ထိုအက်ဥပဒေအရ တက္ကသိုလ်များကို သီးခြားလွတ်လပ်သော ပညာရေးဌာနများအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ထိုအချိန်မှစတင်၍ ကေလနိယတက္ကသိုလ် (University of Kelaniya) သည် သီးခြားလွတ်လပ်သော ပညာရေးဌာနတစ်ခု ဖြစ်လာခဲ့ပါသည်။

တက္ကသိုလ် ရှေ့ရှုလုပ်ဆောင်မည့်ရည်မှန်းချက် (Vision)

ကေလနိယတက္ကသိုလ်သည် “နိုင်ငံတကာအသိအမှတ်ပြု ထူးချွန်ပြောင်မြောက်သည့် ပညာရေးစင်တာတစ်ခု ဖြစ်လာစေရန်၊ အသိပညာများကို သုတေသနနည်းကျ ဖော်ထုတ်ခြင်းနှင့်၊ စနစ်တကျပြန်လည်ဖြန့်ဖြူးခြင်းတို့ဖြင့် အမြဲမပြတ် ဖွံ့ဖြိုးတိုးတက်သည့် လူမှုအဖွဲ့အစည်း ဖြစ်ပေါ်စေရန်” ရည်မှန်းထားပါသည်။

တက္ကသိုလ်၏ ရည်မှန်းချက် (Mission)

ကေလနိယတက္ကသိုလ်ရှိ နယ်ပယ်အသီးသီးမှ ပါမောက္ခများ၊ ကထိကများ၊ ပညာရှင်များ၊ သုတေသနပညာရှင်များ၊ ကျောင်းသားများနှင့် နယ်ပယ်အသီးသီးမှဝန်ထမ်းများသည်

  • သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ထူးချွန်စေရန် အလေးထားသော တက်ကြွသည့် ပညာရှင်အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန်၊
  • တီထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်သော အတွေးအခေါ်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် ခေါင်းဆောင်မှုများ ပေါ်ထွက်လာစေရန်၊
  • ဘဝအတွက် အလှည့်အပြောင်းဖြစ်စေမည့် ပညာရေးအတွေ့အကြုံများကို ဖော်ဆောင်ပေးမည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရန် ကြိုးစားအားထုတ်ကြမည် ဖြစ်ပါသည်။

ဤနည်းဖြင့် ကေလနိယတက္ကသိုလ်သည် သိရီလင်္ကာနိုင်ငံ လူမှုအဖွဲ့အစည်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ လူမှုအဖွဲ့အစည်းကို အကျိုးပြုနိုင်မည့် နယ်ပယ်အသီးသီးမှ ပညာရှင်များ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင်သွားမည်ဖြစ်ပါသည်။

တက်ရောက်နိုင်သော အတန်းများ၊ သင်တန်းကာလ၊ ပညာသင်ကြားစရိတ် (Fee & Expenses) နှင့် သက်ဆိုင်ရာဘာသာရပ်များ (Courses, Duration, Subjects)

ကေလနိယတက္ကသိုလ်၏ ပညာရေးဆိုင်ရာဌာနများမှာ Institutes နှစ်ခု၊ မဟာဌာန (Faculties) (၇) ခုနှင့် ဌာနခွဲ (Department) (၅၇) ခု ရှိပါသည်။ မြန်မာကျောင်းသားအများစုသည် Faculty of Humanities လက်အောက်ရှိ Department of Pali & Buddhist Studies ဌာနတွင် တက်ရောက်ပညာသင်ကြားနေကြပါသည်။ ထိုဌာနတွင် တက်ရောက်နိုင်သော အတန်း (Program) များမှာ-

1)         Diploma in Buddhist Studies, 1 yr၊ (600$)

2)         Bachelor of Arts (Hons) in Pali, 4 yrs၊ (825 $ per year)

3)         Bachelor of Arts (Hons) in Buddhist Philosophy, 4 yrs၊ (825 $ per year)

4)         Bachelor of Arts (General Degree), 3 yrs၊ (825 $ per year) တို့ ဖြစ်ကြပါသည်။

Faculty of Graduate Studies (FGS) အောက်ရှိ Program များမှာ

5)         Master of Arts in Buddhist Studies, 1 yr၊ (900 $)

6)         Master of Arts in Buddhist Studies, 2 yrs၊ (1300 $) တို့ ဖြစ်ကြပါသည်။

တစ်နှစ်တာ သင်ကြားရေး အစီအစဉ်

စာသင်နှစ်ကို Semester များဖြင့် ပိုင်းခြားထားပြီး Coursework များ၊ Assignment များ၊ Oral Presentation များ၊ BA (Hons) နှင့် MA တို့တွင် သုတေသနကျမ်း (Proposal, Thesis) တို့ ပါဝင်ပါသည်။ BA(General) ကျောင်းသားများအနေနှင့် Final Year တွင် Internship unit အဖြစ် နာရီ 300 အလုပ်သင်ဆင်းပေးရပါသည်။ သင်ကြားပေးသော ဘာသာရပ်များမှာ Pali, Sanskrit, Buddhist Philosophy, Buddhist Culture, English စသော ဘာသာရပ်များပါဝင်သည်။ Internship Course အနေဖြင့် ICT၊ ဆင်ဟာလဘာသာစကားနှင့် အခြားသော Optional Subject အဖြစ်ဖြင့် Modern Language  (Chinese, Japanese, France စသည်များ) ကိုလည်း  အပိုထပ်ဆောင်း ငွေသွင်းစရာမလိုပဲ ရွေးချယ်သင်ယူနိုင်ပါသည်။ ကျောင်းကြေးများကို final exam မတိုင်ခင် အခါအားလျော်စွာ ပေးသွင်းနိုင်ပါသည်။

နေထိုင်မှုနှင့် အထောက်အပံ့ (Accommodation & Support)

တက္ကသိုလ်အဆောင်

လက်ရှိအချိန်တွင် Foreign ကျောင်းသားများအတွက် အဆောင်ဆောက်လုပ်ဆဲဖြစ်၍ အဆောင်ကို စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။

ပြင်ပနေထိုင်မှုနှင့် စရိတ်

ကျောင်းသားများသည် တက္ကသိုလ်၏အနီး ကေလနိယမြို့ဝန်းကျင်ရှိ အိမ်များ၊ တိုက်ခန်းများတွင် ငှားရမ်းနေထိုင်နိုင်ပါသည်။

ခန့်မှန်း အဆောင်ခ

တစ်လလျှင် ရူပီး ၁၅၀၀၀-၃၀၀၀၀ (Rs 15,000–30,000/$75–100) ဖြင့် တစ်ဦးတည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ငှါးရမ်းနေထိုင်နိုင်ပါသည်။ နေထိုင်စားသောက်စရိတ်မှာ တစ်လလျှင် USD 200–300 ဝန်းကျင် ကုန်ကျနိုင်ပါသည်။ တက္ကသိုလ်ဝန်းကျင်ရှိ သီရိလင်္ကာဘုန်းကြီးကျောင်းများနှင့် မကုဋာရာမမြန်မာကျောင်းတွင်လည်း နေထိုင်နိုင်ပါသည်။

ကျောင်းဝင်ခွင့်နှင့် ဗီဇာအစီစဉ်

Diploma in Buddhist Studies 1 year Program အတွက် ဇန်နဝါရီ (၁) ရက်နေ့မှ ဧပြီ (၁) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။ လိုအပ်သော ပညာအရည်အချင်းများမှာ –

1)         သီရိလင်္ကာနိုင်ငံ၏ G.C.E (General Certificate of Education) အထက်တန်းအဆင့် (Advanced Level)

2)         အထက်ဖော်ပြပါ အရည်အချင်းများနှင့် ညီမျှသော လက်မှတ် (သို့မဟုတ်) အသိအမှတ်ပြု တက္ကသိုလ် (သို့မဟုတ်) အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတစ်ခုခုမှ ပေးအပ်သော ဗုဒ္ဓဘာသာပညာဆိုင်ရာ ဒီပလိုမာလက်မှတ်။

3)         အထက်တန်း ပညာရေးပြီးဆုံးကြောင်း လက်မှတ် (High School Certificate) – (၁၃ နှစ်ကြာ ကျောင်းပညာရေး ပြီးဆုံးထားသူ ဖြစ်ရမည်)။

4)         ကေလနိယတက္ကသိုလ် ပညာရေးကောင်စီ (Senate) မှ လက်ခံအတည်ပြုထားသော အခြားမည်သည့် အရည်အချင်းနှင့်မဆို ပြည့်စုံသူဖြစ်ရပါမည်။

Bachelor of Arts (Special or General) အတွက် – Diploma in Buddhist Studies 1 year Program ပြီးဆုံးမှသာ ဆက်လက်တက်ရောက်ခွင့်ရှိပါသည်။

Master of Arts in Buddhist Studies (1&2 yrs) အတွက် နိုဝင်ဘာလမှ စတင်လျှောက်ထားနိုင်ပါသည်။ လိုအပ်သောအရည်အချင်းများမှာ

1)         UGC တွင် မှတ်ပုံတင်ထားသော အသိအမှတ်ပြု တက္ကသိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ ရရှိထားသည့် အနည်းဆုံး (၃) နှစ်ကြာ တက်ရောက်ခဲ့သော BA ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။

2)         နိုင်ငံတကာကျောင်းသားများအတွက် သက်ဆိုင်ရာနိုင်ငံမှ အစိုးရအသိမှတ်ပြု တက္ကသိုလ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုမှ ရရှိထားသည့် အနည်းဆုံး (၃) နှစ်ကြာ တက်ရောက်ခဲ့သော BA ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။ (သာသနဓဇဓမ္မာစရိယဘွဲ့ဖြင့် လျှောက်ထား၍မရပါ)

3)         ကေလနိယတက္ကသိုလ် ပညာရေးကောင်စီ (Senate) မှ လက်ခံအတည်ပြုထားသော အခြားမည်သည့် အရည်အချင်းမဆို ရှိသူဖြစ်ရမည်။

နိုင်ငံခြားတက္ကသိုလ်များနှင့်ချိတ်ဆက်မှု

ကေလနိယတက္ကသိုလ်သည် အင်္ဂလန်၊ ဩစတေးလျ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ် စသော ပြည်ပနိုင်ငံများရှိ တက္ကသိုလ်များ၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိပါသည်။ အထူးသဖြင့် Department of Pali and Buddhist Studies ဌာနသည် ကွာလာလမ်ပူရှိ မလေးရှားဗုဒ္ဓဘာသာအကယ်ဒမီ (Malaysian Buddhist Academy) နှင့် ပူးပေါင်း၍ ဗုဒ္ဓဘာသာပညာ ဒီပလိုမာ (၁ နှစ်) နှင့် MA (၁ နှစ်) သင်တန်းများကိုလည်း မလေးရှားနိုင်ငံတွင် သင်ကြားပို့ချပေးလျက်ရှိသည်။  တရုတ်နိုင်ငံ၊ ရှန်ကျန်းရှိ Benhuan အကယ်ဒမီနှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ ဗုဒ္ဓဘာသာပညာ ဂုဏ်ထူးဆောင်ဘွဲ့ (BA Honours) သင်တန်းကို ဖွင့်လှစ်ထားသည်။ ဟောင်ကောင်ရှိ Buddha-Dharma Centre နှင့် MoU ရေးထိုး၍ ဗုဒ္ဓဘာသာပညာ ဒီပလိုမာသင်တန်းကို ဖွင့်လှစ်ထားပါသည်။ အမေရိကန်နိုင်ငံ၊ ဩဂတ်စတာ (Augusta) ရှိ Mindfulness Research and Training Academy နှင့် သဘောတူညီချက်ရယူကာ အမေရိကန်နိုင်ငံတွင် ဗုဒ္ဓဘာသာပညာ ဒီပလိုမာသင်တန်းကို မိတ်ဆက်ခဲ့သည်။

နိဂုံးချုပ်အနေဖြင့် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် အစရှိသည့် နိုင်ငံအသီးသီးမှ ကျောင်းသားများသည် ဤဌာနတွင် လာရောက်ပညာသင်ကြားလျက်ရှိကြသည်။ ထို့အပြင် စင်ကာပူ၊ မလေးရှား၊ တရုတ်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများသည်လည်း ကေလနိယတက္ကသိုလ် ပါဠိနှင့် ဗုဒ္ဓဘာသာပညာဌာန၏ သင်ရိုးညွှန်းတမ်းများနှင့် လိုအပ်သည့်လမ်းညွှန်ချက်များကို လိုက်နာ၍ ဗုဒ္ဓဘာသာပညာရပ်များကို သင်ကြားပို့ချပေးခြင်းနှင့် ဘွဲ့အပ်နှင်းခြင်းများကို ဆောင်ရွက်လျှက်ရှိကြပါသည်။

အသေးစိတ်အချက်အလက်များကို ဆက်လက်သိလိုပါက အောက်ပါ MSAS YouTube Channel တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

UOK မိတ်ဆက်

 UOK သို့ ဆက်သွယ်ရန်

  1. Tel: + 94112 903 903/ +94112 913 857
  2. Email: oneuok@kln.ac.lk
  3. Web: https://www.kln.ac.lk/

Leave a Reply

Your email address will not be published. Required fields are marked *